Tuesday, March 23, 2010

စာရေးသူ၏ စာအုပ်ရေးသားရခြင်း ရှင်းလင်းချက်

ဤစာအုပ်သည် မှတ်တမ်းမှတ်စု စာအုပ်မဟုတ်ပါ။ သားသမီး မိသားစုတို့ ကြည့်ရှု မှတ်သား ကျက်မှတ်ရန် တတ်နိုင်သမျှ စွမ်းအားရှိသမျှ ရေးသားပါမည်။
ကလေးဘ၀ ငယ်စဉ်ကစပြီး ငါ၏ အနန္တဂုဏ်အင်ကျေးဇူးရှင် မိဘများသည် သြ၀ါဒ ဆုံးမ အမြဲပေးလျှက်ရှိပါသည်။ ယဉ်ကျေးမှု လိမ္မ္မာမှုရှိစေရန် အမြဲတမ်း သွန်သင်ဆုံးမပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါသည်။
လူဘ၀သို့ ရောက်၍ (၅) နှစ်သားရှိလျှင် စာပေသင်ကြားနိုင်ရန် ကျောင်းမှာထားပြီးလျှင် ဦးရီး အရင်းများ ဖြစ်ကြသော ဆရာတော်ဘုန်းကြီး ဦးဇာဂရ၊ ဦးကုဏ္ဍလတို့မှ လူ့ဘ၀၏ ထူးချွန်ပြောင်မြောက်စေရန် စေတနာထားပြီးလျှင် လောကုတ္တရာ စာပေ လောကီစာပေ ဗဟုသုတ ရေးရာ အဖြာဖြာတို့ကို ဂရုတစိုက် သင်ကြားပေးခဲ့ပါသည်။
အခြားသော ဆရာများထံကိုလည်း အပ်နှံ၍ လောကီပညာ လောကုတ္တရာ ပညာအဖြာဖြာတို့ကို သင်ကြားလိုက်နာစေခဲ့ပါသည်။
မိဘကျေးဇူး ဆရာသမားတို့၏ ကျေးဇူးကား အလွန်ကြီးမားပါဘိ
ကျေးဇူးတုံ့ပြန်နိုင်ရန်လည်း အလွန်ခဲရင်းပါဘိ၏။
လူ့ဘ၀ဆိုသည်မှာလည်း အလွန်ရခဲပါဘိ… ရပြန်ညားလည်း မိကောင်းဘကောင်း ဆရာသမားကောင်းနှင့် တွေ့ဆုံရန် အလွန်ခဲရင်းလေစွ တကား….
လူ့ဘ၀မှာ အမှီသဟဲ ကောင်းကောင်းနှင့် တွေ့ဆုံရလျှင် ဘ၀တန်ဖိုး လူဖြစ်ကျိုးနပ်ပါလိမ့်မည်။ သို့မဟုတ်လျှင် လူပင်ဖြစ်လင့်ကစား အကျိုးနည်း၍ ဆင်းရဲအတိနှင့်သာ ကြုံတွေ့ရှာကြလိမ့်မည်။
ဗုဒ္ဓမြတ်စွာဟောပြသည်မှာ စက်(၄) ပါးနှင့် ပြည့်စုံမှ လူဖြစ်ကျိုးနပ်သည်ဟု ဆိုပါသည်။ စက် (၄) ပါးကား
(၁) ပတိရူပဒေသ၀ါသစက်
(၂) ပုဗ္ဗေစ ကတပုညတာစက်
(၃) အတ္တသမာပဏိဓိစက်
(၄) သပ္ပူရိသူပနိသျစက်

ဟူ၍ ၄ ပါး ဖြစ်ပါသည်။

(၁) တင့်အပ်လျှောက်ပတ်သော အရပ်၌ နေရခြင်းကို ပတိရူပဒေသ၀ါသစက် ရသည်ဟု ဆိုပါသည်။ ထိုတွင် ပညာရှိ ပုဂ္ဂ္ဂိုလ်များ နေထိုင်ရာဒေသ၊ ကျန်းမာရေးအတွက် ဆေးဆရာရှိသောနေရပ်၊ စားဝတ်နေရေးအတွက် လယ်ယာလုပ်ခင်း အဆင်ပြေ စီးပွားရေးအဆင်ပြေ၊ ထင်းရေ အဆင်ပြေသော နေရပ်၌ နေထိုင်ရခြင်း စသည်တို့ ဖြစ်ပါသည်။
(၂) ပုဗ္ဗေစ ကတပုညတာ - ရှေးရှေးသောဘ၀ ရှေးရှေးသော အချိန်ကာလက ကုသိုလ်ကောင်းမှု ပြုခဲ့ခြင်းရှိခြင်း
(၃) အတ္တသမာ ပဏီဓိ - ယခုဘ၀မှာ ကောင်းမွန်စွာ နေထိုင်နိုင်သော ပုဂ္ဂိုလ်၊ ကုသိုလ်ကောင်းမှု ရှိသော ပုဂ္ဂိုလ်ဖြစ်ရမည်။
(၄) သပ္ပူရိသူ ပနိသျစက် - ဆိုသည်မှာ မိမိအပေါ် အမြဲတမ်း သွန်သင်သြ၀ါဒပေးနေသော မိဘဆရာသမားများ၊ အတတ်ပညာ ဗဟုသုတ အဖြာဖြာကို သင်ကြားပေးနေသော ဆရာများ၊ လိမ်မာယဉ်ကျေး ရှိစေရန် သွန်သင်ပြသပေးနေသော ထိုပုဂ္ဂိုလ်များ နှင့် မှီဝဲ အတူနေထိုင်ရခြင်း။
အထက်ဖော်ပြပါ စက် (၄) ပါးနှင့် ပြည့်စုံသူဆိုလျှင် လူ့ဘ၀မှာ လူဖြစ်ကျိုးနပ်သည်ဟု ရှင်တော်ဘုရားမှ ဟောကြားတော်မူခဲ့ပါသည်။
ဟောကြားတော်မူသည့် အတိုင်းလည်း ယခုဘ၀ နောင်ဘ၀ နေနိုင်ရန် ကုသိုလ်ကောင်းမှု ပြုလုပ်အားထုပ် ဆုတောင်းခြင်းအမှု ပြုလုပ်ကြရပါသည်။
ဤသို့စကားပျိုးထောင်နေခြင်းသည် သားသမီးတို့၏ ဘ၀အတွက်
(၁) လိမ္မာယဉ်ကျေးစေရန်၊
(၂) လိမ္မာယဉ်ကျေးပြီး အသိပညာ ကြွယ်ဝစေရန်၊
(၃) အသိပညာကြွယ်ဝပြီး ကိုယ်ကျင့်သီလ ကုသိုလ်ကောင်းမှု
ပြည့်ဝစေရန်၊
(၄) ကုသိုလ်ကောင်းမှု ပြည့်စုံ၍ လူ့ဘ၀ တန်ဖိုးရှိပြီး လူဖြစ်ကျိုးနပ်စေရန်၊
(၅) ယခုဘ၀မှာ လူဖြစ်ကျိုးနပ်၍ ဘ၀အဆက်ဆက်မှာ မျက်နှာပန်းလှ၍ အထက်တန်းကျကျ နေနိုင်စေရန် ရည်ရွယ်ပါသည်။

နောက်တစ်ချက်ကတော့ အဖေတို့၏ ကျေးဇူးရှင်များ ဖြစ်ကြသော
မိခင်၊ ဖခင်များနှင့် ဆရာသမားတို့၏ ကျေးဇူးတော် အနန္တကို တဘက်တလမ်းမှ နေပြီး ကျေးဇူးဆပ်ရန် ရည်ရွယ်ပါသည်။
ငယ်စဉ်က သင်ကြားထားခဲ့သော စာပေ ကျမ်းဂန်များ ကျက်မှတ်ထားခဲ့သော စာပေများကို ရွတ်ဖတ်ပွားများနေလျှင် ဘာဝနာ ကုသိုလ် ဖြစ်သည့်အတိုင်း အမြဲတမ်း အာစိဏ္ဏကံ - ကုသိုလ်ဖြစ်ပါ၍ ပါရမီကို လေ့လာဆည်းပူးနေခြင်းပါ။
ထိုစကားကို ထင်ရှားအောင် ပြဦးမည်။
နေ့စဉ် ညစဉ် အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် အခါခါ ပြုလုပ်အပ်သော ကုသိုလ်လုပ်ငန်းကို အာစိဏ္ဏကံ ကုသိုလ်လုပ်ငန်းဟု ခေါ်သည်။
တနည်း အမြဲတန်းလေ့လာဆည်းပူးနေသည့် အတွက် ပါရမီ ကုသိုလ်ဟုလည်း ခေါ်သည်။
ပဌါန်းဒေသနာတော်မှာဟောကြားထားသော ၂၄ ပစ္စည်းတို့တွင် ထပ်ကာထပ်ကာ ပွားများနေသော ကုသိုလ်လုပ်ငန်းများ တနည်းအားဖြင့် ရှေ့စိတ်အစဉ်မှ နောက်စိတ်အစဉ် လိုက်နေသော ကုသိုလ်တရားများကို အာသေ၀န ပစ္စ္စည်းတပ်သည်ဟု ဆိုပါသည်။
ထို့ကြောင့် အဖေ အမေနှင့်တကွ ငါ့ကို မှီခိုနေထိုင်ကြသော တူ၊ တူမ၊ သား၊ သမီး မြေးတို့အား အကျိုးရှိစေနိုင်ရန် ဘာသာ ယဉ်ကျေးမှု ကုသိုလ်တရား နေ့စဉ်ပွားများနိုင်စေရန် ငယ်စဉ်က ကျက်မှတ်ထားသော စာပေတရားများ၊ ဘုရားရှိခိုး ပရိတ်ရွတ် မေတ္တာဘာဝနာ အန္တရာယ်ကင်းဂါထာ စသည်များကို အတတ်နိုင်ဆုံး ရေးသားခဲ့အံ့.. ကြိုးစား၍ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေသတည်း…….

သောင်းလှိုင်
၁၃၅၁ ခု နှောင်းတန်ခူးလဆန်း (၃) ရက်

No comments:

Post a Comment