Wednesday, May 5, 2010

"ရောင်ခြည်တော်ဘွဲ့ ဘုရားပင့် ဂါထာ"

"ရောင်ခြည်တော်ဘွဲ့ ဘုရားပင့် ဂါထာ"

လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး ရေး
ရောင်ခြည်တော်ဘွဲ့ ဘုရားပင့်

၁။ နီလာနီလာ နိစ္ဆရန္တိ
ပီတာ ပီတာစ ရံသီယော
လောဟိတာ လောဟိတာစာဘာ
သြဒါတောဒါတ ရံသိယော

၂။ တမှာတမှာစ မိဥ္ဇိဌာ
ပဘာသန္တိ ပဘဿရာ
ဧ၀ံဆဗ္ဗဏ္ဏရံသိယော
ဌာတုမေ ဘဂ၀ါသိရေ

၁။ ပဌာနံ - နက်နဲထူးဆန်း ပဌာန်းကျမ်းကို သမ္မသန္တဿ - အနုလုံပဋိလုံ အစုံအဆန် အဖန်ဖန်အထပ်ထပ်သုံးသပ်ဆင်ခြင်တော်မူသော ဘုရားရှင်ကိုယ်တော်မြတ်၏
(၁) နီလာ - ဆံတော်မုတ်ဆိတ်တော် မျက်ဝန်းတော်တခို စိမ်းညိုသော အရပ်ဌာနမှ နီလာ - ကြာညို ခွာညို ရတနာညိုကဲ့သို့ စိန်းတစိုစို မြသားလိုဖြင့် ညိုမှောင်သော ရောင်ခြည်တော်မြတ်တို့သည် နိစ္ဆရန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်ကာ လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
(၂) ပီတာစ - သိင်္ဂီရွှေလှော် အရေတော်မှလည်း ပီတာ - မဟာလှေကား ရွှေစကားနှင့် ရွှေသားရွှေရည် (ပြောင်ကြည်သစ်လင်း) ထိန်ကြည်သစ်လင်း ပပ၀င်းကုန်သော ရံသီယော - ၀ါရောင်ဝင်းလျှပ် ရောင်ခြည်တော်မြတ်တို့သည် နိစ္ဆရန္တိ - နေအထောင်လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထပ်ခေါင်ကာလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
(၃) လောဟိတာစ - အာတော် လျှာတော် နှုတ်ခမ်းတော်နှင့် ခြေဖ၀ါးတော် လက်ဖ၀ါးတော်စသော ကိုယ်တော်အစိတ်စိတ်တို့မှ လောဟိတာ - ခေါင်ရန်းနှင်းဆီ ကမ္ဗလာနီနှင့် ကြာနီအလား ပတ္တမြားအဆင်းရှိကြကုန်သော အာဘာ - နီရောင်ဝင်းလျှပ် ရောင်ခြည်တော်ဓာတ်တို့သည်
နိစ္ဆရန္တိ - နေအထောင်လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထပ်ခေါင်ကာလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
(၄) သြဒါတာ - စွယ်တော်သွားတော် မျက်ဖြူတော်အစုံ ဥဏ္ဏလုံခေါ် မွေရှင်တော်ဓား အလွန်ထူမြတ်သော အရပ်တော်တို့မှ သြဒါတရံသိယော - စပါယ် ကြက်ရုံး ဇွန်ပန်းကုံးနှင့် ငွေတုံးဘော်ဆိုင် စိန်ပန်းခိုင်အတူ ၀တ်လဲတော်ဘွဲ့ဖြူနှင့် ကြာဖြူပန်းအသွေးကဲ့သို့ ဖြူဖွေးစင်ကြယ်သော ရောင်ခြည်တော်ဓာတ်တို့သည်
နိစ္ဆရန္တိ - နေအထောင်လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထပ်ခေါင်ကာလွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
တမှာတမှာ - အထက်ဆံဖျားတော် တလျှောက် အောက်ခြေဖ၀ါးတော် တခို ထိုထိုကိုယ်တော် အစိတ်မှ
(၅) မဉ္ဇိဌာစ - မရမ်းသွေးအရောင် ခရမ်းသွေးအရောင် တဝေေ၀ တပြောင်ပြောင် သပြေရောင်အဆင်းကဲ့သို့ ထိန်ဝင်းညိုမောင်းသော ရောင်ခြည်တော်မြတ်တို့သည် လည်းကောင်း
(၆) ပဘဿရာဓ - နတ်မီးအရောင် လျှပ်စီးအရောင် ရတနာမျိုးစုံအရောင် ကြာမျိုးစုံ အရောင် ထိန်ပြောင်ဝင်းလက် ကြက်လျှာပြန် စိန်ရောင်ထွက်သကဲ့သို့ ရိုးရိုးရက်ရက် ပြိုးပြိုးပြက်သော ရောင်ခြည်တော်မြတ်တို့သည် လည်းကောင်း
ပဘာသန္တိ - နေအထောင် လအထောင် ဗြဟ္မာနတ်အရောင် ရတနာ န၀ရတ်အရောင်တို့ကို ထိပ်ခေါင်က လွှမ်းမိုး၍ ဖြိုးဖြိုးကြွယ်ကြွယ် အံ့သြဘွယ်လျှင် အဆန်းတကြယ် ကွန့်မြူးတော်မူကြလေကုန်၏။
ဧ၀ံ - ဤသို့ ရောင်ခြည်ခြောက်သွယ် ဂုဏ်တော်အထူးကို ချီးကျူးဖွင့်ဆိုခဲ့သည့်အတိုင်း
ဆဗ္ဗဏ္ဏရံသိယော - အညိုတဖြာ အ၀ါတလီ အနီတဆူ အဖြူတကြောင်း အမောင်းတချက် ပြီးပြက်ငါးငါး ခြောက်ပါးရောင်ဆိုင် အပြိုင်ပြိုင်ကို စိုးပိုင်ရရှိတော်မူပေထသော
ဘဂ၀ါ - ဘုန်းတော်သရဖူ ဆောင်းတော်မူ၍ အောင်သူညွှတ်ရုံး အထွဋ်ဆုံးလည်း ဖြစ်တော်မူပေထသော ရှင်တော်မြတ်ဘုရားသည်
သော - ထိုသုံးလောကညွန့်ဖူး နိဗ္ဗာန်မှူးဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည်
မေ - ပဌာန်းပစ္စည်း ဆက်သွယ်နည်းဖြင့် ဖွဲ့စည်းကလပ် ရုပ်နံဓာတ်ကို စွဲမှတ်သမုတ် အကျွုနုပ်၏
သိရေ - အမြတ်ဆုံးဟု မှတ်သုံးရည်စူး ဦးခေါင်းဦး၌
ဌာတု - ပဌာန်းညဏ်သွား ဈာန်ကစားလျှက် တန့်နားကိန်းဝပ်တော်မူလှည့်ပါ့ သုံးလောကကေသျှောင် ရွှေဘုန်းခေါင် ကိုယ်တော်မြတ်ကြီးဘုရား….

နိဗ္ဗာန်

နိဗ္ဗာန်

ဗုဒ္ဓဘာသာဝင်တိုင်း နိဗ္ဗာန်ကို ဆုတောင်းကြ၏။ ရလို ရောက်လိုကြ၏။ သို့သော် နိဗ္ဗာန်၏ သဘောကား အလွန်နက်နဲခက်ခဲလှပေ၏။ သိရှိဘို့ရန်လည်း အလွန်ခဲယဉ်းလှပေ၏။ ပုထုဇဉ်တို့၏ စိတ်သဘောနှင့်ကား အလွန်ဝေးကွာလှပေ၏။
သို့သော်လည်း အနုမာန မျက်ရမ်းဆိုသည့်အတိုင်း အရိယာတို့ ရအပ်သော သိအပ်သော စံစားအပ်သော နိဗ္ဗာန် နှင့် မဂ် ဖိုလ်ကို တတ်နိုင်သမျှ ရှင်းလင်းဦးအံ့။
နိဗ္ဗာန် ဆိုသည်မှာ မဂ်ဥာဏ် ဖိုလ်ဥာဏ် မဂ်ပညာ၊ ဖိုလ်ပညာတို့ဖြင့် သိအပ်ခံစားအပ်သော သဘောတရား တစ်ခု ဖြစ်ပါသည်။
( နိဗ္ဗာန ဟူသော ပါဠိပုဒ်မှ ဆင်းသက်ပြီး ခေါ်ဝေါ်နေခြင်း ဖြစ်ပါသည်။ နိ - ၀ါန ဟူသော ပုဒ်ကို ပါဠိသဒ္ဒါနည်း အရ သန္ဓိပုဒ်ဖြင့် နိဗ္ဗာန ဖြစ်သည်။)
နိ - နိက္ခန္တ ထွက်မြောက်ခြင်း
ဝါန - မြှေးရှက်ချုပ်နှောင်ထားသော တဏှာမှ ထွက်မြောက်ခြင်း၊ လွတ်မြောက်ခြင်းကို နိဗ္ဗာန်ဟု ခေါ်ဆိုပါသည်။
တနည်းအားဖြင့် သန္တိသုခ - အစဉ်အေးငြိမ်းချမ်းသာနေသော သဘောတရား ရုပ်+နာမ် သဘောတို့ ချုပ်ငြိမ်းပြီး အိုခြင်းကင်းရာ နာခြင်းကင်းရာ သေခြင်းကင်းရာ ဖြစ်သော အစဉ်အမြဲ အေးငြိမ်းချမ်းသာနေသော သဘောတရားကို သန္တိသုခ - နိဗ္ဗာန်ချမ်းသာဟု ခေါ်ပါသည်။
ပုထုဇဉ်တို့ခံစားအပ်သော ဝေဒယိတ သုခမှာ အကောင်းအဆိုး ဆင်းရဲ ချမ်းသာ အပူအအေးတို့ကို ကြံတွေးပြီးလျှင် သုခချမ်းသာဟု ထင်မှတ်နေခြင်း ဖြစ်ပါသည်။
ရုပ် နာမ် ချုပ်ငြိမ်းမှု သန္တိသုခကို ပုထုဇဉ်တို့ မခံစားကြရပါ။ အဘယ်ကြောင့်နည်း? ရုပ်နာမ်တရားတို့အပေါ်၌ ခင်မင်တွယ်တာမှု လောဘတရား (၀ါ) လိုခြင်မှု တပ်မက်မှု နှစ်သက်မှု စွဲလမ်းမှုတို့ မကင်းခြင်းကြောင့် နိဗ္ဗာန်ကို မရခြင်း နိဗ္ဗာန်သဘောကို မသိခြင်း မရခြင်း မခံစားရခြင်း ဖြစ်ပါသည်။
အကြင်ပုဂ္ဂိုလ်သည် ကုသိုလ်ကောင်းမှု ပါရမီ ဓာတ်ခံ ပွားများပြည့်စုံလာအံ့။ ထိုပုဂ္ဂိုလ်သည် တိဟိတ် ပဋိသန္ဓေ - ဥာဏ်ပညာ ထက်မြတ်သော ပုဂ္ဂိုလ်ဖြစ်ပြီးလျှင် သောတာပတ္တိ မဂ်ဥာဏ် ဖိုလ်ဥာဏ် + သကဒါဂါမ် - မဂ်ဥာဏ် ဖိုလ်ဥာဏ်၊ အနာဂါမိ မဂ်ဥာဏ် ဖိုလ်ဥာဏ်၊ အရဟတ္တ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ကို ပွားများ အားထုပ်ရရှိအံ့။ ထိုပုဂ္ဂိုလ်တို့သည် မဂ်ပုဂ္ဂိုလ်၊ ဖိုလ်ပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ် ရှစ်ယောက်ဖြစ်ပြီးလျှင် နိဗ္ဗာန်ချမ်းသာကို လက်ဝါးပေါ်မှာ တင်ပြထားသော ပတ္တမြား ရတနာကို လက်တွေ့မျက်တွေ့ သိရှိခံစားရလတ္တံ့။ မျက်ကွယ်မဟုတ် - မျက်မှောက်ပြုရလတ္တံ့။ (သေသော်၏ အခြားမဲ့၌ ပရိနိဗ္ဗာန်ပြုသည်၏ အခြားမဲ့၌ တဖန် ဘ၀သစ်ပြန်၍ မဖြစ်သော အစဉ်ထာဝရ အေးငြိမ်း၍နေသော သန္တိသုခ နိဗ္ဗာန ဓာတ်သဘောဖြင့် ၀င်စံခိုလှုံရလေတော့၏။
ဤသည်တို့ကို ရည်ရွယ်မှန်းထားပြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရရ ရောက်ရ မျက်မှောက်ပြုရပါလို၏ ဟု ဆုတောင်းပတ္တနာ ပြုခြင်းဖြစ်ပါသတည်း။


ဤသည်လျှင် သြကာသ၏ အဓိပ္ပါယ်ပြီးဆုံး ပြည့်စုံလောက်ပါပြီ။ ကျန်ရှိနေသော ပူဇော်သက္ကာရမှုတို့၏ အနက်အဓိပ္ပါယ်တို့ကို ကျယ်ဝန်းမည်စိုး၍ မရေးတော့ပါ။ သိလိုပါက မှီကမ်းသော ဆရာသမားများ ဗဟုသုတ ကျမ်းစာအုပ်များကို ရှုကြည့်ကြပါလေ…

“ဆုတောင်းပုံ”

“ဆုတောင်းပုံ”

ထိုရတနာသုံးပါးကို ရှိခိုးကန်တော့ရသော အကျိုးကြောင့် အောက်ဖော်ပြပါ မကောင်းသော အပြစ်တို့မှ ကင်းလွတ်စိတ် ဆန္ဒ အာသီသဖြင့် ဆုပတ္ထနာ ပြုပါသည်။
(က) အပါယ်လေးပါး
၁။ ငရဲဘုံ - ကိုယ်စိတ်နှစ်ပါးလုံး အမြဲမပြတ် ဆင်းရဲနှိပ်စက်ခံနေရသောဘုံ ( မဟာပထ၀ီ မြေကြီး၏ အောက်ထပ်မှာ ရှိသည်။)
၂။ တိရစ္ဆာန်ဘုံ - လူပြည်မှာ တစပ်တည်းသွားလာလှုပ်ရှား ခံစားနေရသော မျက်မြင် တိရစ္ဆာန်များ။
၃။ ပြိတ္တာဘုံ - လူပြည်နှင့် တစပ်တည်းပင် အမြဲမပြတ် ငတ်မွတ်ဆင်းရဲနေရသောဘုံ။
၎။ အသူရကယ်ဘုံ - နေ့မှာ ခွေးစားခံရ၍ ညမှာ နတ်ဘုံနတ်နန်းနှင့် နေရသောဘုံ ( ပင်လယ်ကမ်းခြေမှာ နေရသည်ဟု ဆိုသည်။)

(ခ) ကပ် (၃) ပါး

၁။ ငတ်မွတ်ခေါင်းပါး၍ သေကြေပျက်စီးသော ပုဂ္ဂိုလ် အချိန်ကာလများကို ဒုဗ္ဘိက္ခန္တရကပ် ဟု ခေါ်သည်။
၂။ ဓါး လက်နက် သေနတ် အစရှိသည်တို့ကြောင့် သေကြေပျက်စီးခြင်းကို သတ္ထန္တရကပ် ဟု ခေါ်သည်။
၃။ အဖျားအနာရောဂါများ ထူပြော၍ သေကြေပျက်စီးကြသည်ကို ရောဂန္တရကပ်ဟု ခေါ်ပါသည်။

လူ့ပြည်မှာ လူတို့ လောဘ၊ ဒေါသ၊ မောဟ ကြီးမားသည့်အခါ ၎င်းကပ်ကြီး (၃) ပါး ဆိုက်ရောက်တတ်၏။
ထို့ကြောင့် လူတို့လောဘကြီးလွန်းကလျှင် ဒုဗ္ဘိက္ခဘေး - ငတ်မွတ်ရေးကြောင့် မရိုးဖွေးတောင်မျှ ပျက်စီးကြ၏။
လူတို့ဒေါသ ကြီးလွန်းကလည်း သတ္ထန္တဘေး - သတ်ဖြတ်ရေးကြောင့် ရိုးဖွေးတောင်မျှ ပျက်စီးကြ၏။
လူတို့မောဟ ကြီးလွန်းကလည်း ရောဂန္တဘေး - ဖျားနာရေးကြောင့် ရိုးဖွေးတောင်မျှ ပျက်စီးကြ၏။ (မဃဒေ၀ အလင်္ကာ)

(ဂ) ရပ်ပြစ်ရှစ်ပါး
၁။ ငရဲဘုံ
၂။ တိရစ္ဆာန်ဘုံ
၃။ ပြိတ္တာဘုံ - အသူရကယ်
၎။ ဘုရားပွင့်သောအခါ အသက်ရှည်သော နတ်ဗြဟ္မာ ဖြစ်နေရခြင်း
၅။ ဗုဒ္ဓသာသနာ မရှိသော ပစ္စန္တရဇ်အရပ်
၆။ မိစ္ဆာဒိဌိ - မှားသောအယူရှိခြင်း
၇။ ဘုရားနှင့်တွေ့ကြုံသော်လည်း ဘယ်လိုပင်တရားဟောဟော အသိဥာဏ်ကင်းမဲ့သော (သုဂတိအဟိတ် ဒွိဟိတ်) ပုဂ္ဂိုလ်ဖြစ်ရခြင်း
၈။ ဥာဏ်ပညာရှိသော (တိဟိတ်) ပုဂ္ဂိုလ် ဖြစ်လင့်ကစား ဘုရားသာသနာနှင့် မတွေ့ဆုံရခြင်း
ဤသည်တို့ကား ရပ်ပြစ်ရှစ်ပါး ဖြစ်ပါသည်။
(ပြိတ္တာ နှင့် အသူရကယ်ကို သဘောတူညီသည့် လက္ခဏာဖြစ်၍ (၃) နံပါတ်မှာ တစ်ခုဘဲ ကောက်ယူရပါသည်။
ဤအရပ် ဤဘုံ ဤဌာန ရှစ်ပါးကား နိဗ္ဗာန်ကို မရနိုင် မရောက်နိုင်သော အပြစ်ဖြစ်ပါသည်။
ဆောင်ပုဒ်။ ။ ဘုရားဖြစ်ခါ ပါယ် (၃) ရွာနှင့် ဒီဃာယုနတ် ဖြစ်လပ်ပစ္စန် မိစ္ဆာဥာဏ်ရှိ ဥာဏ်မရှိသား ဥာဏ်ရှိညားလည်း ဘုရားမဖြစ် ဟောဖော်လှစ်သည် ရပ်ပြစ်ရှစ်ပါး သရုပ်တည်း……….

(ဃ) ရန်သူမျိုးငါးပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသူ
၅။ မချစ်နှစ်သောသူ
ဆောင်ပုဒ်။ ။ ရေ + မီး + မင်း + ခိုး၊ မချစ်နိုး၊ ငါးမျိုးရန်သူပ…

(င) ၀ိပ္ပတ္တိတရား (၄)ပါး
၁။ ကာလ၀ိပ္ပတ္တိ
၂။ ဥပဓိဝိပ္ပတ္တိ
၃။ ဒိဌိဝိပ္ပတ္တိ
၎။ ပယောဂ၀ိပ္ပတ္တိ - ပျက်စီးမှု လေးပါး

၁။ ကာလ၀ိပ္ပတ္တိ ဟူသည်ကား လူများ အကျင့်စာရိတ္တ ပျက်နေသော အချိန်ကာလ၊ အုပ်ချုပ်သော မင်းများပျက်စီးနေသော အချိန်ကာလကို ခေါ်ပါသည်။
၂။ ဥပဓိဝိပ္ပတ္တိ ဟူသည်ကား လူဖြစ်ပါလည်း ကိုယ်လက်အင်္ဂါ ချို့ယွင်း ပျက်စီးခြင်းကို ခေါ်ပါသည်။
၃။ ဒိဌိဝိပ္ပတ္တိ ဟူသည်ကား အယူဖောက်ပြန် ပျက်စီးခြင်းကို ခေါ်ပါသည်။
၎။ ပယောဂ၀ိပ္ပတ္တိ ဟူသည်ကား ကိုယ်ကျင့်သီလပျက်စီးမှုကို ဆိုပါသည်။

(စ) ဗျဿနတရား (၅)ပါး
၁။ ညာတိဗျဿန
၂။ ဘောဂဗျဿန
၃။ ရောဂဗျဿန
၎။ သီလဗျဿန
၅။ ဒိဌိဗျဿန

၁။ ညာတိဗျဿန - အဆွေအမျိုးတို့ ပျက်စီးခြင်း
၂။ ဘောဂဗျဿန - စည်းစိမ်ဥစ္စာ ရတနာတို့၏ ပျက်စီးခြင်း
၃။ ရောဂဗျဿန - အနာရောဂါ ဖိစီးနှိပ်စက်၍ ပျက်စီးခြင်း
၎။ သီလဗျဿန - အကျင့်သီလ စာရိတ္တ ပျက်စီးခြင်း
၅။ ဒိဌိဗျဿန - အယူဝါဒ ပျက်စီးခြင်း
ဆောင်ပုဒ်။ ။ညာတိ ဘောဂ ရောဂါ သီလ ဒိဌိပ ငါးဝပျက်စီးခြင်း

ဝိပ္ပတ္တိ နှင့် ဗျဿနတို့မှာ သံတူကြောင်းကွဲ အဓိပ္ပါယ် အတူတူပင် တိုက်ရိုက်အနက်ပြန်သော် ၀ိပ္ပတ္တိ - ယိုယွင်းမှု၊ ချို့ယွင်းမှု။ ဗျဿန - ပျက်စီးမှု ဖြစ်ပါသည်။
ဤသို့လျှင် ရှိခိုးပူဇော်ခြင်း၏ တည်ရာဖြစ်သော ရတနာသုံးပါးကို ခွင့်တောင်းပြီးလျှင် ဗုဒ္ဓဘာသာဝင်တိုင်း ကနဦးအစ သြကာသ ဆိုပြီးလျှင် အပြစ်ခပ်သိမ်းမှ ကင်းပျောက်၍ အဆုံးဘ၀ နိဗ္ဗာန်ရောက်ရန်အထိ ဆုတောင်းကန်တော့ကြပါသည်။

ငါးပါးသီလ ခံယူဆောက်တည်ပုံ

ငါးပါးသီလ ခံယူဆောက်တည်ပုံ

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ တည်းဟူသော ကံသုံးပါးတို့တွင် တပါးပါးသော ကံဖြင့် ပြစ်မှားမိသည်ရှိသော် ထိုအပြစ်တို့ကို ပျောက်ပါလိုသောကြောင့် ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး အပေါင်းကို ဘုရားတပည့်တော် လက်အုပ်မိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား..
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါး ရပ်ပြစ်ရှစ်ပါး ရန်သူမျိုးငါးပါး ၀ိပတ္တိတရားလေးပါး ဗျဿနတရား ငါးပါး
တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ အဆုံးဘ၀၌ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရရ ရောက်ရ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရား…
အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ
ဒုတိယမ္ပိ အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ
တတိယမ္ပိ အဟံဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ
(အာမ ဘန္တေ္တပါဘုရား)
နမောတဿ ဘဂ၀တော အရဟတော သမ္မာ သမ္ဗုဒ္ဓဿ
(၃) ခေါက်ဆိုရန်
ဗုဒ္ဓ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဒုတိယမ္ပိ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
တတိယမ္ပိ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
(အာမ ဘန္တေ္တပါဘုရား)

၁။ ပါဏာတိပါတာ ဝေရမဏိ
၂။ အဒိန္နာ ဒါနာ ဝေရမဏိ
၃။ ကာမေသု မိစ္ဆာစာရာဝေရမဏိ
၎။ မုသာဝါဒါ ဝေရမဏိ
၅။ သုရာမေရယ မဇ္ဈပမာဒဌာနာ ဝေရမဏိ

(အာမ ဘန္တေ္တပါဘုရား)

ဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအရ ကောင်းမှု ကုသိုလ် တစ်ခုခုပြုတိုင်း သီလကို အရင်ပထမ ဆောက်တည်ရပါသည်။ အဘယ်ကြောင့် အလှူပေးတဲ့နေရာ ဖြစ်စေ၊ ဘာဝနာ ကုသိုလ် လုပ်တဲ့နေရာမှာဖြစ်စေ ရှေးဦးစွာ ကိုယ်ကျင့်တရား သီလတရား စင်ကြယ်နေမှ အကျိုးထိရောက်မှု ရှိသည်။ သီလပျက်ပြား၍ ယုတ်မာညစ်ညမ်းစွာနှင့် ပြုလုပ်သော ကုသိုလ်ကောင်းမှုသည် အကျိုးတရား မများလှပေ။ ထို့ကြောင့် ရှေးဦးစွာ သီလကို ဆောက်တည် ကျင့်သုံးကြရပါသည်။
ယခုဆောက်တည်အပ်သော ငါးပါးသီလကို လူတို့လေးစားအပ်သောကြောင့် ဂရုဓမ္မ သီလ ဟူ၍ ခေါ်သည်။
နောက်တခုက လူတို့ကိုယ်မှာ အမြဲဝတ်ဆင်ထားသော ပုဆိုး ထမီကဲ့သို့ အမြဲ စောင့်ရှောက် ပြုကျင့်အပ်သော သီလဖြစ်ခြင်းကြောင့် နိစ္စသီလ ဟူ၍လည်း ခေါ်ပါသည်။

“အဓိပ္ပါယ် ဖော်ပြချက်”

သြကာသ - ဟူသော အဓိပ္ပါယ်မှာ တည်ရာ မှီရာဟု အနက်သဘောရပါသည်။
ရှိခိုးခြင်း၏ တည်ရာ မြတ်နိုးခြင်း၏တည်ရာ ပူဇော်ခြင်း၏ တည်ရာဖြစ်တော်မူသော ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအား တိုင်တည်ဆိုလိုက်ခြင်း ဖြစ်ပါသည်။
ထိုရတနာမြတ်သုံးပါးတို့အား ကာယကံ - ကိုယ်ဖြင့်ပြစ်မှားမှု၊ ၀စီကံ - နှုတ်ဖြင့် ပြစ်မှားမှု၊ မနောကံ - စိတ်ဖြင့်ပြစ်မှားမှု။ ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်တိုင်အောင် လက်စုံမိုး၍ ရှိခိုးကန်တော့ခြင်း ဖြစ်ပါသည်။

Tuesday, March 23, 2010

စာရေးသူ၏ စာအုပ်ရေးသားရခြင်း ရှင်းလင်းချက်

ဤစာအုပ်သည် မှတ်တမ်းမှတ်စု စာအုပ်မဟုတ်ပါ။ သားသမီး မိသားစုတို့ ကြည့်ရှု မှတ်သား ကျက်မှတ်ရန် တတ်နိုင်သမျှ စွမ်းအားရှိသမျှ ရေးသားပါမည်။
ကလေးဘ၀ ငယ်စဉ်ကစပြီး ငါ၏ အနန္တဂုဏ်အင်ကျေးဇူးရှင် မိဘများသည် သြ၀ါဒ ဆုံးမ အမြဲပေးလျှက်ရှိပါသည်။ ယဉ်ကျေးမှု လိမ္မ္မာမှုရှိစေရန် အမြဲတမ်း သွန်သင်ဆုံးမပြီး ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါသည်။
လူဘ၀သို့ ရောက်၍ (၅) နှစ်သားရှိလျှင် စာပေသင်ကြားနိုင်ရန် ကျောင်းမှာထားပြီးလျှင် ဦးရီး အရင်းများ ဖြစ်ကြသော ဆရာတော်ဘုန်းကြီး ဦးဇာဂရ၊ ဦးကုဏ္ဍလတို့မှ လူ့ဘ၀၏ ထူးချွန်ပြောင်မြောက်စေရန် စေတနာထားပြီးလျှင် လောကုတ္တရာ စာပေ လောကီစာပေ ဗဟုသုတ ရေးရာ အဖြာဖြာတို့ကို ဂရုတစိုက် သင်ကြားပေးခဲ့ပါသည်။
အခြားသော ဆရာများထံကိုလည်း အပ်နှံ၍ လောကီပညာ လောကုတ္တရာ ပညာအဖြာဖြာတို့ကို သင်ကြားလိုက်နာစေခဲ့ပါသည်။
မိဘကျေးဇူး ဆရာသမားတို့၏ ကျေးဇူးကား အလွန်ကြီးမားပါဘိ
ကျေးဇူးတုံ့ပြန်နိုင်ရန်လည်း အလွန်ခဲရင်းပါဘိ၏။
လူ့ဘ၀ဆိုသည်မှာလည်း အလွန်ရခဲပါဘိ… ရပြန်ညားလည်း မိကောင်းဘကောင်း ဆရာသမားကောင်းနှင့် တွေ့ဆုံရန် အလွန်ခဲရင်းလေစွ တကား….
လူ့ဘ၀မှာ အမှီသဟဲ ကောင်းကောင်းနှင့် တွေ့ဆုံရလျှင် ဘ၀တန်ဖိုး လူဖြစ်ကျိုးနပ်ပါလိမ့်မည်။ သို့မဟုတ်လျှင် လူပင်ဖြစ်လင့်ကစား အကျိုးနည်း၍ ဆင်းရဲအတိနှင့်သာ ကြုံတွေ့ရှာကြလိမ့်မည်။
ဗုဒ္ဓမြတ်စွာဟောပြသည်မှာ စက်(၄) ပါးနှင့် ပြည့်စုံမှ လူဖြစ်ကျိုးနပ်သည်ဟု ဆိုပါသည်။ စက် (၄) ပါးကား
(၁) ပတိရူပဒေသ၀ါသစက်
(၂) ပုဗ္ဗေစ ကတပုညတာစက်
(၃) အတ္တသမာပဏိဓိစက်
(၄) သပ္ပူရိသူပနိသျစက်

ဟူ၍ ၄ ပါး ဖြစ်ပါသည်။

(၁) တင့်အပ်လျှောက်ပတ်သော အရပ်၌ နေရခြင်းကို ပတိရူပဒေသ၀ါသစက် ရသည်ဟု ဆိုပါသည်။ ထိုတွင် ပညာရှိ ပုဂ္ဂ္ဂိုလ်များ နေထိုင်ရာဒေသ၊ ကျန်းမာရေးအတွက် ဆေးဆရာရှိသောနေရပ်၊ စားဝတ်နေရေးအတွက် လယ်ယာလုပ်ခင်း အဆင်ပြေ စီးပွားရေးအဆင်ပြေ၊ ထင်းရေ အဆင်ပြေသော နေရပ်၌ နေထိုင်ရခြင်း စသည်တို့ ဖြစ်ပါသည်။
(၂) ပုဗ္ဗေစ ကတပုညတာ - ရှေးရှေးသောဘ၀ ရှေးရှေးသော အချိန်ကာလက ကုသိုလ်ကောင်းမှု ပြုခဲ့ခြင်းရှိခြင်း
(၃) အတ္တသမာ ပဏီဓိ - ယခုဘ၀မှာ ကောင်းမွန်စွာ နေထိုင်နိုင်သော ပုဂ္ဂိုလ်၊ ကုသိုလ်ကောင်းမှု ရှိသော ပုဂ္ဂိုလ်ဖြစ်ရမည်။
(၄) သပ္ပူရိသူ ပနိသျစက် - ဆိုသည်မှာ မိမိအပေါ် အမြဲတမ်း သွန်သင်သြ၀ါဒပေးနေသော မိဘဆရာသမားများ၊ အတတ်ပညာ ဗဟုသုတ အဖြာဖြာကို သင်ကြားပေးနေသော ဆရာများ၊ လိမ်မာယဉ်ကျေး ရှိစေရန် သွန်သင်ပြသပေးနေသော ထိုပုဂ္ဂိုလ်များ နှင့် မှီဝဲ အတူနေထိုင်ရခြင်း။
အထက်ဖော်ပြပါ စက် (၄) ပါးနှင့် ပြည့်စုံသူဆိုလျှင် လူ့ဘ၀မှာ လူဖြစ်ကျိုးနပ်သည်ဟု ရှင်တော်ဘုရားမှ ဟောကြားတော်မူခဲ့ပါသည်။
ဟောကြားတော်မူသည့် အတိုင်းလည်း ယခုဘ၀ နောင်ဘ၀ နေနိုင်ရန် ကုသိုလ်ကောင်းမှု ပြုလုပ်အားထုပ် ဆုတောင်းခြင်းအမှု ပြုလုပ်ကြရပါသည်။
ဤသို့စကားပျိုးထောင်နေခြင်းသည် သားသမီးတို့၏ ဘ၀အတွက်
(၁) လိမ္မာယဉ်ကျေးစေရန်၊
(၂) လိမ္မာယဉ်ကျေးပြီး အသိပညာ ကြွယ်ဝစေရန်၊
(၃) အသိပညာကြွယ်ဝပြီး ကိုယ်ကျင့်သီလ ကုသိုလ်ကောင်းမှု
ပြည့်ဝစေရန်၊
(၄) ကုသိုလ်ကောင်းမှု ပြည့်စုံ၍ လူ့ဘ၀ တန်ဖိုးရှိပြီး လူဖြစ်ကျိုးနပ်စေရန်၊
(၅) ယခုဘ၀မှာ လူဖြစ်ကျိုးနပ်၍ ဘ၀အဆက်ဆက်မှာ မျက်နှာပန်းလှ၍ အထက်တန်းကျကျ နေနိုင်စေရန် ရည်ရွယ်ပါသည်။

နောက်တစ်ချက်ကတော့ အဖေတို့၏ ကျေးဇူးရှင်များ ဖြစ်ကြသော
မိခင်၊ ဖခင်များနှင့် ဆရာသမားတို့၏ ကျေးဇူးတော် အနန္တကို တဘက်တလမ်းမှ နေပြီး ကျေးဇူးဆပ်ရန် ရည်ရွယ်ပါသည်။
ငယ်စဉ်က သင်ကြားထားခဲ့သော စာပေ ကျမ်းဂန်များ ကျက်မှတ်ထားခဲ့သော စာပေများကို ရွတ်ဖတ်ပွားများနေလျှင် ဘာဝနာ ကုသိုလ် ဖြစ်သည့်အတိုင်း အမြဲတမ်း အာစိဏ္ဏကံ - ကုသိုလ်ဖြစ်ပါ၍ ပါရမီကို လေ့လာဆည်းပူးနေခြင်းပါ။
ထိုစကားကို ထင်ရှားအောင် ပြဦးမည်။
နေ့စဉ် ညစဉ် အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် အခါခါ ပြုလုပ်အပ်သော ကုသိုလ်လုပ်ငန်းကို အာစိဏ္ဏကံ ကုသိုလ်လုပ်ငန်းဟု ခေါ်သည်။
တနည်း အမြဲတန်းလေ့လာဆည်းပူးနေသည့် အတွက် ပါရမီ ကုသိုလ်ဟုလည်း ခေါ်သည်။
ပဌါန်းဒေသနာတော်မှာဟောကြားထားသော ၂၄ ပစ္စည်းတို့တွင် ထပ်ကာထပ်ကာ ပွားများနေသော ကုသိုလ်လုပ်ငန်းများ တနည်းအားဖြင့် ရှေ့စိတ်အစဉ်မှ နောက်စိတ်အစဉ် လိုက်နေသော ကုသိုလ်တရားများကို အာသေ၀န ပစ္စ္စည်းတပ်သည်ဟု ဆိုပါသည်။
ထို့ကြောင့် အဖေ အမေနှင့်တကွ ငါ့ကို မှီခိုနေထိုင်ကြသော တူ၊ တူမ၊ သား၊ သမီး မြေးတို့အား အကျိုးရှိစေနိုင်ရန် ဘာသာ ယဉ်ကျေးမှု ကုသိုလ်တရား နေ့စဉ်ပွားများနိုင်စေရန် ငယ်စဉ်က ကျက်မှတ်ထားသော စာပေတရားများ၊ ဘုရားရှိခိုး ပရိတ်ရွတ် မေတ္တာဘာဝနာ အန္တရာယ်ကင်းဂါထာ စသည်များကို အတတ်နိုင်ဆုံး ရေးသားခဲ့အံ့.. ကြိုးစား၍ ရွတ်ဖတ်ပူဇော်နိုင်ကြပါစေသတည်း…….

သောင်းလှိုင်
၁၃၅၁ ခု နှောင်းတန်ခူးလဆန်း (၃) ရက်

Thursday, March 18, 2010

“ကမ္မ”

“ကမ္မ”


အကုသိုလ်ကံ - မကောင်းသောအလုပ်
ကုသိုလ်ကံ - ကောင်းသောအလုပ်
ကံ ဆိုသည်မှာ ကမ္မ္မ ဟူသော ပါဠိစကားမှ ဆင်းသက်လာသော စကားဖြစ်ပါသည်။ ကမ္မ္မ ဆိုသည်မှာ မိမိပြုအပ်သော မကောင်းသောအလုပ်၊ ကောင်းသောအလုပ်ဖြစ်၍ မကောင်းသောအလုပ်ကို ပြုလုပ်လျှင် မကောင်းသော အကျိုးတရားကို ခံစားရပြီး ကောင်းသောအလုပ်ကို လုပ်လျှင် ကောင်းသောအကျိုးကို ခံစားရမည် ဖြစ်ပါသည်။
ထို့ကြောင့် လောကမှာ ကံ ဥာဏ် ၀ီရိယ တရား (၃) ပါးပြည့်စုံပါလျှင် လူတွင် လူချွန် လူလွန် ဖြစ်နိုင်သည်ဟု ဆိုပါသည်။
ကောင်းသော ကုသိုလ်ကံ ကောင်းသော အကြံအစီ ဥာဏ်ပညာ၊ ကောင်းသော အားထုပ်ကြိုးစားမှု ၀ီရိယဆိုတဲ့ တရား လက်ကိုင်ထားရှိသူမှာ မလွှဲမသွေ လူပြည့်မှာ လူဖြစ်ကျိုးနပ်ရမည်မှာ ပုံသေမုချ ဖြစ်ပါသတည်း….
ထို့ကြောင့် မဟာသုတကာရီမဃဒေ၀လင်္ကာမှာ မာန်လည်ဆရာတော်ကြီးမှ ဤသို့ဆုံးမတော်မူခဲ့သည်။

အကုသလ ကုသလ၏
ကမ္မသကာ လက္ခဏာကို
မြဲစွာဝမ်းတွင်း နှလုံးသွင်းလော့
မပျင်းကုသိုလ် ထိုပုဂ္ဂိုလ်ကား
ကိုယ့်ကိုချစ်သူ မည်သောဟူ၏
အယူမယွင်း ဆောက်တည်ခြင်းဖြင့်
ကံရင်းမူလ ၀ီရိယနှင့်
ဥာဏထောက်ကူ ရှိသည့်သူမှ
လူတွင် လူချွန် လွှားတံခွန်သို့
လူမွန်တစ်ယောက် တစ်ခေါ်လောက်အောင်
ခါရောက်ချိန်ဆုံး တုမဲ့နှုံး၍
ရွှေဘုန်းမော်ရမည်ကိုကာ……..

Wednesday, March 17, 2010

မိဘမေတ္တာ ရတုပိုဒ်စုံ၏ အနှစ်ချုပ်

ပြဆိုခဲ့သော ကဗျာများ၏ အဓိပ္ပါယ် လိုရင်းမှာ လူ့ဘ၀၏ သာယာအေးချမ်းစွာ နေနိုင်ရေးအတွက် အဓိကရှာမှီးလိုလားအပ်သော “ပညာနှင့် ဥစ္စာ” ပြည့်စုံရုံနှင့်ကား မပြီးသေးပါ။ လူ၏ ဘ၀တန်ဖိုး မရှိလှသေးပါ။ “အချိန်တိုင်းမှာ ဥာဏ်ပညာနှင့် ဥစ္စာ ကုသိုလ် ထိုထိုရရာသုံး” ဟု ပညာရှိများ ဆုံးမခဲ့ပါသည်။
ကုသိုလ်ဆိုသည်ကား ကုသလ ဟူသော ပါဠိစကားမှ ဆင်းသက်သည့် ပါဌ်ပျက်စကား ဖြစ်ပါသည်။
ကု=စက်ဆုပ်ရွံရှာအပ်သော
သလ = ယုတ်မာသော အလုပ်ကို မပြုလုပ်ခြင်းပင် ဖြစ်ပါသည်။
မကောင်းသော အလုပ်အကိုင် မကောင်းသော အပြောအဆိုမကောင်းသော စိတ်အကြံအစည်တို့ကို မပြုလုပ် မပြောဆို မကြံစည်ခြင်းကိုပင် ကုသိုလ်လုပ်ငန်း ကုသိုလ်ပြုခြင်း ဖြစ်ပါသည်။
ဗုဒ္ဓ၏ အဘိဓမ္မာအရ ဗုဒ္ဓဟောပြောချက်အရဆိုလျှင်
၁။ ဒါနမှု ပြုလုပ်ခြင်း
၂။ သီလမှု ပြုလုပ်ခြင်း
၃။ ဘာဝနာမှု ပြုလုပ်ခြင်း တို့ကို ကုသိုလ်လုပ်ငန်း ကုသိုလ်ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။
ဒါနမှုဆိုသည်ကား လှူမှု၊ ဒါန်းမှု ပေးကမ်းမှု စွန့်ကြဲမှုတို့ကို ဒါနကုသိုလ်ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
သီလမှု ဆိုသည်ကား ကိုယ်ကျင့်တရားစောင့်ထိမ်းမှု အလေ့အကျင့် (ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလ) စသော မကောင်းသော အလုပ်အကိုင် အပြောအဆို အကြံအစီတို့ကို လုံခြုံအောင် စောင့်ရှောက်ထိမ်းသိမ်းခြင်းပင် ဖြစ်ပါသည်။
ဘာဝနာမှု ဆိုသည်ကား ပွားများခြင်းကို ဘာဝနာဟု ဆိုပါသည်။ မိမိပြုလုပ်အပ်သော ပြုလုပ်ခဲ့သော ကောင်းသောလုပ်ငန်းများအပေါ်၌ အဘန်ဘန်အထပ်ထပ် အခါခါ အကြိမ်ကြိမ် အောက်မေ့သတိရခြင်း
ဘုရား တရား သံဃာ မိဘဆရာတို့၏ ဂုဏ်ကျေးဇူးကို အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် အခါခါ သတိရ အောင့်မေ့ခြင်း-
ဗုဒ္ဓမြတ်စွာ၏ ဟောကြားခဲ့သော စာပေ တရားများကို ကျက်မှတ်ပြီး ညစဉ် ရွတ်ဖတ်ပူဇော်ခြင်း
အားလုံး သတ္တ၀ါများ အပေါ် ချမ်းသာပါစေ ကျမ္မာပါစေ ဟူ၍ နှုတ်ဖြင့် စိတ်ဖြင့် အမြဲနှလုံးသွင်းအောင့်မေ့ခြင်း
ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့သည့် မဖောက်မပြန် အမှန်ဖြစ်သော မိမိတို့၏ ရုပ် နာမ် စိတ် ခန္ဓ္ဓာသဘော ပတ်ဝန်းကျင် လောကကြီး၏ သဘောတို့သည် မည်သည့်အခါမျှ တည်တန့်ခြင်းမရှိ ဖောက်ပြန်ပျက်စီး ဖြစ်ပျက်နေပါကလားဆိုတဲ့ အနိစ္စ သဘောလက္ခာ
ထိုသို့ မမြဲခြင်း သဘောတို့သည် ရွေ့လျှောပျက်စီး၍ ချမ်းသာခြင်း မရှိဘဲ ဆင်းရဲခြင်း အတိသာဖြစ်ပါကလားဟု
ဆိုတဲ့ ဒုက္ခ္ခသဘော လက္ခ္ခဏာ၊
ထိုသို့ မမြဲ ဆင်းရဲတဲ့ ရုပ်နာမ် သဘောတို့သည် အစိုးမရခြင်း မိမိအလိုသို့ မလိုက်ခြင်း အနှစ်သာရ ဘာမျှ မရှိခြင်းဆိုတဲ့ အနတ္တ သဘောလက္ခဏာတို့ကို အကြိမ်ကြိမ် အဖန်ဖန် အထပ်ထပ် အခါခါ သတိရ ပွားများခြင်း……
ဤဆိုအပ်ခဲ့ပြီးသည်တို့ကား ဘာဝနာအလုပ်ပင် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် မကောင်းသောအလုပ်၊ မကောင်းသောအပြောအဆို၊ မကောင်းသောအကြံအစီတို့သည် အကုသိုလ်မှု အကုသိုလ် လုပ်ငန်းဖြစ်၍ ကောင်းမြတ်သောအလုပ် ကာယကံမှု၊ ကောင်းမြတ်သော အပြောအဆို ၀စီကံမှု၊ ကောင်းမြတ်သော အကြံအစီ မနောကံမှုတို့သည် ကုသိုလ်တရား ကုသိုလ်လုပ်ငန်းဟု သဘောပေါက်ပြီးလျှင် ကုသိုလ်တရားများကို ပွားများအားထုပ် ပြုကျင့်လုပ်ဆောင်ကြပါကုန်လော့………
မိဘမေတ္တာ

မိဘမေတ္တာ ရတု ပိုဒ်စုံ စကားပြေ

စကားပြေ

၁။ သမီးတို့ သားတို့၏ အနန္တဂုဏ်အင် ကျေးဇူးရှင်ဖြစ်သော မင်းတို့၏ မွေးဖခင်သည် သားသမီးများ၏ ဘ၀နောင်ရေးအတွက် ကဗျာလေးလုံးစပ်ဖြစ်သော ရတု ပိုဒ်စုံ (၃) ပိုဒ်ဖြင့် စီကုံးရေးသား၍ ထားခဲ့အံ့
ဃရာဝါသ သမ္ဗန္ဓနှင့် ဟူသော စကား၏ အဓိပ္ပါယ်မှာ အိမ်ရာထောင်ခြင်း အလုပ်သည် အလွန်ကျဉ်းမြောင်း၍ မသက်သာ မချောင်လွယ်ဘဲ ဆင်းရဲအတိနှင့်သာ နေရခြင်းဖြစ်ပါသည်။
ထိုသို့ ကြပ်တည်းကျဉ်းမြောင်း၍ ကိစ္စအ၀၀ လုပ်ငန်းအရပ်ရပ်တို့ဖြင့် နေထိုင်ကြရသော လူတို့ဘောင် လူတို့ဘ၀ကား အတတ်ပညာ ထွန်းထွန်းပြောင်ပြောင်နှင့် ပစ္စည်းဥစ္စာပေါများ ကုံလုံကြွယ်ဝမှသာလျှင် အရာရာမှာ ကျော်စောသတင်း ပျံ့နှံ့ခြင်းရှိလျှက် အေးအေးဆေးဆေး ကြည်ကြည်သာသာနှင့် အစဉ်ထာဝရ ပွင့်လန်းနေသော “ပန်းကလေး” ပမာ ရှိလိမ့်မည်မှာ သေချာပါသတည်း…..

၂။ အရှည်တွေးမြှော်၍ ရေးဦးအံ့…. မင်းတို့၏ မိခင် ဖခင်များ ဖြစ်ကြသော ငါတို့သည် သားသမီးတို့၏ ဘ၀နောင်ရေး အတွက် အတတ်ပညာ တတ်ပါစေတော့ဟု သဘောထားပြီးလျှင် ပစ္စည်းဥစ္စာ အကုံအကျခံလျှက် ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြု၍ ဆင်းရဲဒုက္ခခံပြီး ဆရာသမားများထံ အပ်နှံခါ ပညာရင်နို့ သောက်စို့စေခဲ့ပါသည်။
ထိုကဲ့သို့ ငယ်စဉ်ကာလတိုင် ကျောင်းမှာထား၍ ပညာသင်ခဲ့စေခြင်းသည် သားသမီးတို့ လိမ္မာရေးခြားရှိစေရန် အတတ်ပညာများပြား တတ်သိနိုင်စေရန် လူ့ဘ၀အလယ်မှာ ပညာဖြင့် ထယ်ထယ်ဝါ၀ါ တောက်ကြွားနေနိုင်ရန် စေတနာထားခြင်းသည် သားသမီးတို့၏ မြင့်မြတ်သော မဟာလမ်းမကြီးပေါ်သို့ တင်ပို့လိုက်သော ရည်ရွယ်ချက် ဖြစ်ပါသတည်း……

၃။ အေးမြသီတာ ဟု ရေးဖွဲ့ခြင်းသည် သားသမီးတို့အား တင်စား၍ သီတာရေစဉ်ပမာ ဆိုလိုက်ခြင်း ခေါ်လိုက်ခြင်း ဖြစ်ပါသည်။
အလွန်အေးမြသော သီတာရေကို သောက်သုံးရတဲ့အခါ ပူအိုက်ဆာမွတ်နေသောသူအဘို့ ဘ၀င်စိတ်နှလုံးပါ ချမ်းသာအေးမြသွားသလို သားသမီးတို့၏ မျက်နှာကို မြင်လိုက်သည့်အခါ အလွန်ပူဆွေးနေသော စိတ်နှလုံးပင် အေးမြ၍ သွားရပါသည်။ ထို့ကြောင့် “သားတို့ရုပ်ရည် သီတာမည်သား ရေကြည်ချမ်းမြ တပေါက်ကျက မိဘတို့ဝမ်း ငြိမ်းစတမ်းတည့်” ဟု ရှေးပညာရှိကြီးများမှ ဖွဲ့နွဲ့စပ်ဆိုခဲ့ပါသည်။
ထိုသို့သီတာရေပမာ ဖြစ်သည့် သမီးသားတို့ မွှေးကြည်အေးချမ်းသာယာစေရန် ရေးခဲ့ပါအုံးအံ့……
အထက်ပါ ဒုတိယပိုဒ်၌ ပြခဲ့သော အတိုင်းမြင့်မားသော မဟာလမ်းမကြီးပေါ်သို့ အထက်တန်းကျကျနှင့် တက်လှမ်း၍ စခမ်းသွားနိုင်ရန် စိတ်အားသန်ပြီး မိဘနှစ်ပါးတို့မှာ မပြတ်သောလုံ့လ၀ီရိယဖြင့် ကြိုးကြိုးစားစား အားထုပ်ဆည်းပူးခဲ့ရပါသည်။
ထိုသို့ မိဘနှစ်ပါးတို့မှ ကြီးမားသောစေတနာထား၍ ပြုလုပ်ပေးခဲ့သော ကျေးဇူးကို တုံ့ပြန်ဘို့ရာ တာဝန်သည် သားသမီးတို့၏ တာဝန်သာ ဖြစ်ပါသည်။
ကျေးဇူးတုံ့ပြန်ဘို့ ဆိုသည်မှာ ပြန်လည်လုပ်ကျွေးရမည်ဟု မဆိုလိုပါ။ မိဘတို့ ရည်မှန်းထားသည့် အတိုင်းဖြစ်မြောက်နိုင်ရန် ဆိုဆုံးမအပ်သောစကားများကို လိုက်နာကျင့်သုံးနိုင်ပါစေ။ မြင့်မြတ်သောဘ၀ဖြင့် နေနိုင်ပါစေဆိုသည့် ကဗျာသုံးပုဒ်တန်း၍ အဆန်းတကြယ် စီကုံးရေးသား၍ ထားအပ်ပါသတည်း….


သောင်းလှိုင်
မိဘမေတ္တာ
၁၃၅၁ ခုနှစ် တပေါင်းလဆန်း (၁) ရက်

မိဘမေတ္တာ အချီညီ အချညီ အပိုဒ်ညီ ရတုပုဒ်စုံ (၃)

မိဘမေတ္တာ

မွေးဘပီတာ ရေးစီပါအံ့
ဃရာဝါသ သမ္ဗန္ဓနှင့်
ကိစ္စများမြောင် လူတို့ဘောင်ကား
ထွန်းပြောင်အတတ် ပြည့်စုံလတ်၍
များမြတ်ဥစ္စာ ပေါကြွယ်ပါမှ
လူရာလူရေး သတင်းမွှေးလျှက်
အေးဆေးကြည်သာ ရှည်သာယာမည်
ပမာပန်းသို့ လန်းမည်တည်း….

တွေးဆရှည်ကြာ ရေးစီဖြာအံ့
မာတာပီတ မိနှင့် ဘတို့
သိပ္ပများမြောင် တတ်စေအောင်ဟု
နောက်နောင်အရေး မြှော်ခေါ်တွေး၍
ကလေးဘ၀ ငယ်စဉ်ကလျှင်
ဆရာ့ထံပါး အပ်နှံထား၍
များပြားပညာ တတ်စိမ့်ငှာသည်
မဟာလမ်းကို့ မှန်းရည်တည်း


အေးမြကြည်သာ မွှေးကြည်သာအံ့
မဟာတတ်လမ်း ထက်စခန်းကို
တက်လှမ်းနိုင်ရန် စိတ်အားသန်လျှက်
မြဲမြံကြိုးကုတ် လုံ့လထုတ်၍
မယုတ်စေရ မိနှင့်ဘ၏
တင်ထကျေးဇူး ဂုဏ်အထူးကို
ကြည်နူးသဒ္ဓါ ဆပ်ဘို့ရာသည်
ကဗျာတန်းလို့ ဆန်းစီတည်း

အချီညီ အချညီ အပိုဒ်ညီ
ရတုပုဒ်စုံ (၃)

မာတိကာ

မာတိကာ
၁။ မိဘမေတ္တာ ရတုသုံးပုဒ်နှင့် စကားပြေအဓိပ္ပါယ်
၂။ သြ၀ါဒ စကား
၃။ မဃဒေ၀ လင်္ကာ ဆုံးမစာ
၎။ သြ၀ါဒ ကထာ
၅။ ငါးပါးသီလ ခံယူဆောက်တည်ပုံ
၆။ ငါးပါးသီလ အဓိပ္ပါယ်
၇။ နိဗ္ဗာန်အကြောင်း သိကောင်းစရာ
၈။ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၏ ရောင်ခြည်တော်ဖွင့် ဘုရားပင့်
၉။ ရှေးဆရာတော်ကြီးများ၏ ဘုရားရှိခိုး မူဟောင်း
၁၀။ သတ္တဌာန ဘုရားရှိခိုး
၁၁။ ဘုရားဂုဏ်တော် ၉ ပါးအနက်
၁၂။ တရားဂုဏ်တော် ၆ ပါးအနက်
၁၃။ သံဃာဂုဏ်တော် ၉ ပါးအနက်
၁၄။ သမ္ဗုဒ္ဓေ ဂါထာ အနက်
၁၅။ အနန္တငါးပါး ဘုရားရှိခိုး
၁၆။ ဘုရားဂုဏ်တော် ၉ ပါး ပွားများအားထုပ်နည်း - ပုတီးစိပ်နည်း (အကျယ်)
၁၇။ ကျွုန်ုပ်ဆုတောင်း
၁၈။ သိရသ္မိဂါထာ ပါဌ်အနက်
၁၉။ ပထ၀ီဇယ မန္တန်တော်ကြီး
၂၀။ မေတ္တသုတ် - ပရိတ်တော်
၂၁။ သြဒိဿ + အနောဒိဿ မေတ္တာပွားနည်း
၂၂။ အရပ် (၁၀) မျက်နှာ မေတ္တာပွားနည်း မှတ်စရာ အဓိပ္ပါယ်များ
၂၃။ ဓာရဏ ပရိတ်တော် နှင့် အဓိပ္ပါယ်
၂၄။ ဓမ္မစက္က ပ၀တ္တနသုတ် ပါဠိတော်
၂၅။ ဓမ္မစင်္ကြာသုတ်၏ သဘောတရားအကျယ်
၂၆။ အနတ္တလက္ခဏာသုတ် ပါဠိတော်
၂၇။ ပဋိစ္စသမုပ္ပဒ် ဥဒ္ဒေသပါဠိတော် အနုလုံ ပဋိလုံ
၂၈။ ပဋိစ္စသမုပ္ပဒ် သဘောတရား အကျဉ်း
၂၉။ ပဌာန်း ပစ္စယုဒ္ဒေ္ဒသ ၂၄ ပစ္စ္စည်း
၃၀။ ပဌာန်းဒေသနာ၏ အတိုချုပ်သဘော
၃၁။ ဘုရားဝတ်ပြုရန် အဆုံးနိဂုံးချုပ် ရွတ်ဆိုရန် ဂါထာတော်များ
၃၂။ ပဋိစ္စသမုပ္ပဒ်၏ အလင်္ကာ (၁၃) ပုဒ်
၃၃။ ပဋိစ္စသမုပ္ပဒ် အင်္ဂါ (၁၂) ပါး အကျဉ်းသဘော

မိသားစုအတွက် အသက် (60) ပြည့် လက်ဆောင်

အနန္တဂုဏ်ရည်

မိသားစုအတွက်
အသက်ခြောက်ဆယ်ပြည့်
ငါ၏လက်ဆောင်

သာသနာ ကောဇာ
2534 1352

ခရစ်သကရာဇ်
1990

စကားဦး
ဤစာအုပ်သည် ဘုရား တရား သံဃာ မိဘ ဆရာသမားတို့၏ ကျေးဇူးတော် အနန္တဂုဏ်တော် အနန္တတို့ကို ရှိခိုးကော်ရော် ပူဇော်ကန်တော့ ကြည်နူးအောက်မေ့နိုင်ရန် မြတ်ဘုရားဟောကြားတော်မူသည့် ဒေသနာတော် တရားတော် သုတ္တန် အဘိဓမ္မာ အဖြာဖြာတို့ကို ရွတ်ဖတ် ပူဇော်ကြနိုင်ရန် နှလုံးသွင်းနိုင် အာရုံပြုနိုင်ပါစေ ဟူသော အာသီသဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။
ကျမ်းစာတစောင် ကျမ်းစာတအုပ်အဖြစ် ရေးသားထားခြင်း မဟုတ်ပါ။ ငယ်ရွယ်စဉ် အချိန်မှစ၍ ကျက်မှတ်ပြီးလျှင် အမြဲမပြတ် ရွတ်ဖတ်နေသော စာပေကျမ်းဂန်များကို မမေ့မပျောက်ဘဲ စွဲမြဲနေရန်နှင့် နောင်လာနောက်သားများလည်း အတုယူ၍ အလိုရှိအပ်သော ဒေသနာ ဂါထာမန္တရားများကို ကောက်နှုတ်၍ ကျက်မှတ်နိုင်ပါစေ ဟူသော ဆန္ဒမွန်ဖြင့်
(အသက်ခြောက်ဆယ်ပြည့် အထိမ်းအမှတ် သဘော) အတိုင်းမသိ အဆုံးမရှိသော ရတနာသုံးပါး ဆရာမိဘတို့၏ ကျေးဇူးတော်ကို ညွှန်ပြဦးစားပေး ရေးထားသည်ဖြစ်၍ အနန္တဂုဏ်ရည် ဟု အမည်ပြု ရေးလိုက်ပါသည်။

အောင်တော်မူ ဘုရားရှိခိုး

အောင်တော်မူ ဘုရားရှိခိုး
ဥံနမော တေ ၀ိဇေတုံမေ
ဇေယျတော ဒဿတောဇယံ
နတ္ထထမ္ဘံ သဗ္ဗသန္တံ
ဇယမေကရ မင်္ဂလံ
ဥံ - အန္တရာယ်ကင်း ရန်စွယ်ရှင်း၍ ကောင်းခြင်းစဉ်ခါ မယှဉ်သာအောင် မင်္ဂလာကြီး ဖြစ်ပါစေသတည်း။
နတ္ထထမံ - ထောက်ပံ့မည့်လူ ကူညီမည့်နတ် ရံပတ်ဝဲယာ ဗြဟ္မာလည်း မရှိပါဘဲ သဗ္ဗသန္တံ- ကိုယ်ရှိန်မပျက် ဂုဏ်သိရ်ထွက်ဖို့ ငြိမ်သက်ဖွေးဖြူ အေးအေးလူလူသာလျှင် ဇေယျတော ပါရမီစက်ဟုန် လက်နက်စုံဖြင့် ချက်ကုန်မလွဲ ပွဲတိုင်းမရှောင် နွှဲတိုင်းပင်အောင်တော်မူပေထသော ဒဿတောဇယံ- အောင်ရာစည်းကမ်း အောင်နည်းလမ်း၌ အသစ်အဆန်း တစ်ဂဏန်းမျှ မှန်းဆ၍မျှော် လမ်းပြပေးသနားတော်မူပေထသော တေတာ မကိုဋ်ရောင်လျှံ တသျှောင်ပြန်မှာ အောင်တလွင့်လွင့် လွှင့်တထူထူ အောင်တော်မူ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးအား မေ-မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မြှော် တပည့်တော်၏ ၀ိဇေတုံ မရှောင်ခပင်း အခေါင်နင်း၍ အောင်ကြီး အောင်ရပါစေခြင်း အကျိုးငှာ နမော - အောင်ခဲ့သည့် တန်ခိုးဂုဏ်ကို အမျိုးမျိုး အဖုံဖုံ မှန်းဆ၍ တမ်းတရှိခိုးလိုက်ပါ၏ အရှင်ဘုရား-
မေ - မအောင်သေးခင် အောင်ကြွေးတင်၍ အောင်မြင်ရန်မြှော် တပည့်တော်အား ဇေယျမင်္ဂလံ အောင်ရန်အတိတ် အောင်နိမိတ်နှင့် အောင်ဘိသိတ်သွင်း အောင်ဟိတ်ပြင်းလျှက် အောင်ခြင်းဖြာဖြာ မင်္ဂလာကို ကရ - ကရ သပြေအနု ငွေခရုဖြင့် ဇေယတုပုံ မေရုတုန်အောင် အဖုံဖုံ အမှုအေးစေဖို့ ပြုပေးတော်မူပ အောင်တော်မူသခင် အရှင်ကိုယ်တော်မြတ်ကြီးဘုရား.